ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၃

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူမျိုးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းအဖွဲ့ (၆၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသားဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေကြတာကို မြင်ရသည့်အတွက်များစွာ ဂုဏ်ယူပါကြောင်း၊ မိမိတို့လူမျိုးအလိုက် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင် ခြင်းသည် အင်မတန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာသင်ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားသည့် ဆရာ/ ဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့၏ ဦးဆောင်မှု၊ လမ်းညွှန်မှုပေါ်တွင် အများကြီးမူတည် နေကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်ဆီး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့ဒေသအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊  စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးရန်ရှိပါက တင်ပြဆွေးနွေးပေးရန် လိုအပ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြပြီး ပဲခူးတိုင်းဒေသကြီး ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်ခရိုင်များမှ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ တိုင်းဒေသကြီးအရှိုချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ တိုင်းဒေသကြီးမွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ တိုင်းဒေသကြီးရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ တိုင်းဒေသကြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးများအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)