လွိုင်ကော်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဒီဇင်ဘာ ၂

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတို့က Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်၊ ကယား ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး ကယား ပြည်နယ်တွင် လည်းပြည်နယ်ကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်း ထားပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအလိုက် လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်း၊ သုတေသနပြုလုပ် ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အများသုံးပုံစံ (Universal Design) အသုံးပြုမှု လက်လှမ်းမီရယူသုံးစွဲနိုင်ရေး (Accessibility) စတဲ့ ကဏ္ဍအလိုက် လိုအပ်သည့် အမျိုးသားအဆင့် မူဝါဒများရေးဆွဲခြင်း၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်ခြင်းတို့ကို မသန်စွမ်းသူများ အပြည့်အဝ ပေါင်းစည်းပါဝင်နိုင်ရေးအတွက် ကယားပြည်နယ် မသန်စွမ်းသူများ ဆိုင်ရာကော်မတီအနေဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုလိုဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် ပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အတူ လက်တွဲပူးပေါင်း၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်ရည်နှင့် လူ့အခွင့်အရေးတို့ကို  အလေးဂရုပြု ဖော်ထုတ်အသိအမှတ်ပြုကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို လုပ်ရှားမှုပြိုင်ပွဲအဖြစ် ကျင်းပခဲ့သည့် ပန်းချီပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက ဆုများကိုချီးမြှင့်ခဲ့ပြီး ဆုများရရှိသည့် မသန်စွမ်းသူများ၏ ကိုယ်စား ကိုယ်စား လှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)