ကျောက်ကြီး ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ကျောက်ခဲကြီး ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့ နေ့လယ် ၁ နာရီတွင် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲအား မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) အလုပ်အမှုဆောင် ဦးဝင်းမြင့်က ကြက်ခြေနီ အကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီဆိုတာ အခြေခံမူ (၇)ချက်ဖြင့် ရပ်တည်ပြီး ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ် ကျရောက်မှုကို ကာကွယ်ရန်ဆိုတဲ့ လုပ်ငန်း ၃ ရပ်ဖြင့် ဆောင်ရွက်နေကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး ကြက်ခြေနီအသင်း(ခွဲ) အဖွဲ့ဝင် ဦးကျော်ကျော်နိုင်က စစ်လက်နက်ပစ္စည်းဖြစ်သော မြေမြုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းများ၏ အန္တရာယ်ကြီးပုံများ၊ မိုင်းအန္တရာယ် သတိပေးထားရှိ သည့်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာ အကြီးကဲများထံ သတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ် အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များကို ဖတ်ရှုစေခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ) အနေနှင့် အပတ်စဉ် ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများသို့ လှည့်လည်ပြီး မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာ ဟောပြောပွဲများ ပြုလုပ် ဆောင်ရွက်သွားမည်ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ရုံးက သိရသည်။
မြို့နယ်ပြန်/ဆက်