ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက် လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ဒေသခံ ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းပြုလုပ် ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မုန်းမြင့်ကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံပြည်သူ(၅၁)ဦးအား အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်တွယ်အသုံးပြုရာ၌ ပျောက်ဆုံး/ပျက်စီးမှု မဖြစ်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းသွားရန် အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့သည်။

ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ဝန်ဆောင်ပေးခြင်းကို  လူဦးရေ ၃၉၀၀ လျာထား ဆောင်ရွက်ပေး သွားမည်ဖြစ်ကာ သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် ကျန်ရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ ပြောပြချက်အရ သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)