ဘားအံ ဒီဇင်ဘာ ၂
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၄/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ထိ နှစ်တို(၅)နှစ် စီမံကိန်းမူဘောင်(မူကြမ်း)ရေဆွဲ၍ သာယာဝပြောသည့် လူမှုဘဝအသိုင်း အဝိုင်း ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန် မျှော်မှန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းမူဘောင်အပေါ်မူတည်ပြီး ပကတိအခြေအနေနှင့်ကိုက်ညီသော လက်တွေ့ကျသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလျာထားချက်များကို ဌာနအလိုက် ကြိုတင်ရေးဆွဲထားကြ စေလိုကြောင်း၊ ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ရာထူးအဆင့်အတန်းနှင့်လျှော်ညီသော တာဝန်ယူမှု တာဝန်ခံမှုများ ရှိဖို့လိုကြောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် မိမိ လက်အောက်ဝန်ထမ်းများကို စွမ်းဆောင်ရည်မြင့် တင်ပေးဖို့လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများနှင့် တင်ဒါခေါ်ယူဆောင်ရွက်သည့်လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ပတ်သက်ပြီး ပေါ့ဆ၍မရဘဲ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များကို အထူးဂရုပြုလိုက်နာကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)