ကရင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ

 ဘားအံ   ဒီဇင်ဘာ   ၂

ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးထုတစ်ရပ်လုံးအတွက်အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက် ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင် ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း အမျိုးသမီး များအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှု ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ် နှင့် အသက်မွေး ဝမ်းကျောင်းစရိတ်များကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးခြင်း၊ လုံခြုံရေး အတွက်နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ စီမံကိန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးနယ်ပယ်မှ အမျိုးသမီးအရေးဆောင်ရွက်နေသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမျိုး သမီးများ စွမ်းဆောင် ရည်မြင့်မားပြီး အကြမ်းဖက်ခံရမှုမှပပျောက်သွားနိုင်မည်ဖြစ်သကဲ့သို့ ကျား-မအခြေပြုအကြမ်းဖက်ခြင်းကဲ့သို့ အကြမ်းဖက်မှုများ လူ့ဘောင်လောကမှ ပပျောက်သွား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးများအရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခမ်း အနားသို့ တက်ရောက်လာသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆိုင်ရာ Video Clip အား ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တက်ရောက်လာသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် သတင်းစကားများနှင့်အတူ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမှတ် တရလက်မှတ်ရေးထိုး မှတ်တမ်းပြုခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)