မင်းလှမြို့နယ်တလုတ်ပင်ကိုင်းကျေးရွာ၌ သောက်သုံးရေရရှိရေး အတွက်ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ      ဒီဇင်ဘာ   ၂

မကွေးတိုင်းဒေသကြီး  ၊ သရက်ခရိုင် ၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိစေရန်အတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ တလုတ်ပင်ကိုင်း‌ကျေးရွာတွင် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေကန်တည်ဆောက် ခြင်းနှင့်ရေစက်ရုံ တည်ဆောက် ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က ယမန်နေ့ည နေပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (၆)လတွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ‌တလုတ်ပင်ကိုင်းကျေးရွာတွင် ရေပိုက်လိုင်းသွယ်တန်းခြင်း ၃၄၀၀ပေ၊ ဂါလံ၅၀၀၀ဆံ့ အုတ်ရေလှောင် ကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဆောင်ရွက်ထား ရှိမှုအခြေအနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှမြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါရေ‌ရရှိရေးလုပ်ငန်းများကို ဇေယျာထက်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းများ စံချိန်စံ ညွှန်းနှင့် အညီသတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီး‌ရေး ဆောင်ရွက်ရန်မြို့နယ် စီမံအုပ်ချုပ်‌ရေး အဖွဲ့ ဥက္ကဋ္ဌက တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများမှတာဝန်ခံများအား ပြောကြား ခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)