တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂

ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာဦးစီးကော်မတီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များကို ပံ့ပိုးပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံတိုင်းရင်းသားများအတွက် ဆန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ၊ အခြားလိုအပ်သောကူညီထောက်ပံ့မှုများကိုလည်း လိုအပ် သလို အခါအားလျော်စွာ ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ ဆလုံလူမျိုးများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကစပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက တာဝန်ယူ၍နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆလုံတိုင်းရင်းသားများသည် လူဦးရေနည်းပါးလာပြီဖြစ်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ၄င်းတိုင်းရင်းသား များ၏ထူးခြားသောဝိသေသလက္ခဏာတစ်ခုမှာ ရေပေါ်တွင်နေထိုင်၍ ပင်လယ်တွင် အသက်မွေးဝမ်းကျောင်းပြုသည့် တစ်ခုတည်းသောလူမျိုးဖြစ်ကြောင်း၊ နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ဆလုံတိုင်းရင်းသားများ၏ စကား၊  စာပေ၊ ယဉ်ကျေး မှုများဖော်ထုတ်နိုင်ရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေးအပြင် စာပေယဉ်ကျေးမှုl ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရန် ဖောင်ဒေးရှင်းများ လုပ်နိုင်မည် ဆိုပါက ဒီထက်မက ဆလုံလူမျိုးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)