မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ သရက်ခရိုင်ခန်းမသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနား သို့ တက်ရောက်

သရက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ခန်းမသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သရက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဘဏ္ဍာရေးနှစ်(၆)လ မီနီဘတ်ဂျက်ကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်မည့် သရက်ခရိုင်ခန်းမသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းက ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်း တင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် သရက်ခရိုင် ခန်းမသစ်အား ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပရာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက မင်္ဂလာပန္နက်တိုင်များရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တေဇခန်းမတွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများနှင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးနေမှု များအား ကြည်ရှုအားပေး၍ ပြည်သူများ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုပေးအပ်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား၍ ကျောင်းသုံး ဗလာစာအုပ်နှင့် ယဉ်ကျေးလိမ္မာ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရက်ခရိုင် ပြည်သူ့ဆေးရုံအတွင်းရှိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လှူဒါန်းသည့် (Oxygen Plant) အဆောက်အဦနှင့် (Transformer) တို့အား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ညွန့်ရွှေအောင်ထံသို့ (Oxygen Plant) အဆောက်အဦနှင့် (Transformer) တို့အား လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်ကုသရေး ဦးစီးဌာနမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (Oxygen Plant) အဆောက်အဦအတွင်း စက်ရုံ တည်ဆောက်ထားရှိမှုနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)