ဖားဆောင်းမြို့နယ် ​တောင်​ပိုင်းရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်

ဖားဆောင်း ဒီဇင်ဘာ ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်၍ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့​နေ့လည်(၁၁)နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် ​တောင်​ပိုင်းရပ်ကွက်တွင် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ဖားဆောင်းမြို့နယ် ​တောင်​ပိုင်းရပ်ကွက်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များကို  မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့်   စဉ်ဆက်မပြတ် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)