မြဝတီ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး)ဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာ ပေးနေကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသီဟနိုင်က လူမှုဝန်ထမ်း ဦးစီးဌာန သည် မသန်စွမ်းမှုအမျိုးအစားများကို သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ အမြင်အာရုံချို့ယွင်းမှု ၊နားမကြားခြင်းသို့မဟုတ် အပြော၊ အကြားအာရုံချို့ယွင်း အားနည်းခြင်း၊ ကိုယ်အင်္ဂါချို့ ယွင်းအားနည်းခြင်း သို့မဟုတ် ကိုယ်ကာယလှုပ်ရှား နိုင်မှုချို့ယွင်း အားနည်းခြင်း၊ စိတ်ပိုင်း၊ဉာဏ်ရည်ဉာဏ်သွေးပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းချိူ့ယွင်း အားနည်းခြင်း၊ မသန်စွမ်းမှုအဆင့် စိစစ်သတ်မှတ်သည့်အဖွဲ့က သတ်မှတ်သည့် အခြားမသန်စွမ်းမှု တစ်ခုခုဖြစ်ခြင်းစသည့် မသန်စွမ်းမှုအမျိုးအစား(၅)မျိုးအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ Women club ဥက္ကဋ္ဌ ဒေါ်ကေခိုင်က အမြင်အာရုံချို့ယွင်းသူများနှင့် အကြားအာ ရုံချို့ ယွင်းသူများအတွက် ကျွမ်းကျင်ပညာရှင်များ၊ဆရာဝန်များနှင့်တိုင်ပင်၍ မိမိတို့တတ်နိုင်သလောက် ကြိုးစားပြီး မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပုံများကို ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
မန်းသန်းရွှေမြင့် (ပြန်/ဆက်)