ဒေးဒရဲ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးကြီးတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်း မပြုမီ ပါးစပ်၊ နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာမှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမှ ကာကွယ်နိုင်ရန် မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် Hand speaker များဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း