ရေတာရှည် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၁) ရက် ညနေ (၃)နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အသက်(၂၅) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို အားကစားသမားအချင်းချင်း “ချစ်ကြည်ရင်းနှီးမှုပိုမို ရရှိစေရန်” “မြို့နယ်၏ အားကစားအဆင့်အတန်း တိုးတက်လာစေရန်” “လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်” ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း အားကစား မြတ်နိုးသူများ၊ ကစားသမားများမှလည်း မဆုတ်မနစ်သော ဇွဲ၊ လုံ့လများဖြင့် သန့်ရှင်းစွာ အားပေးခြင်း၊ ယှဉ်ပြိုင်ခြင်းများဖြင့် အားကစားစိတ်ဓါတ်၊ ချစ်ကြည်ရင်းနှီးမှုများကို ပြသကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဥက္ကာသန်းက ပြိုင်ပွဲဝင်အသင်းများအတွက် ပြိုင်ပွဲဝင်ဘောလုံးများ ကိုလည်းကောင်း အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်သန်းမြင့်က ဒိုင်များအတွက် အားကစားဝတ်စုံများ ကိုလည်းကောင်း ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ ဘောလုံးကန်၍ ဖွင့်လှစ်ခဲ့ပြီး မြို့လှ(က)အသင်းနှင့် ဆွာ(က) အသင်းတို့ကစတင်ယှဉ်ပြိုင်ကစားခဲ့ကြပါကြောင်းနှင့် (၁-၁၂-၂၀၂၁) ရက်နေ့မှ (၁၇-၁၂-၂၀၂၁) ရက်နေ့အထိ ဘောလုံးအသင်းပေါင်း (၈)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)