မြိတ် ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာ ဖူလုံရေးအတွက် အထွက်တိုး မိုးစပါးများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ ဒေသထွက် ဆန်စပါးလောက်ငှမှု ရှိမရှိသိရှိနိုင်ရန်နှင့် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးအေးလွင်၏ မျိုးသန့်မျိုးစေ့ ထုတ် ဆင်းသုခမိုးစပါးစိုက်ခင်းတွင် ယမန်နေ့က ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
“မျိုးစပါးထုတ်လုပ်နိုင်ဖို့ စိုက်ပျိုးထားတဲ့ စိုက်ခင်းကို စံကွက်ရိတ်တာဖြစ်ပါတယ်။ မြိတ်မြို့နယ်မှာ(၀.၁၀)ဧက ရှိတဲ့ စံကွက်အကြီး(၄၂)ကွက်၊ (၆.၆)ပေပတ်လည် စံကွက်အငယ်က အကွက်(၂၀၀)ရှိပါတယ်။ စံကွက် စတင် ရိတ်သိမ်းတာက နိုဝင်ဘာ ပထမအပတ်က စတင်ရိတ်သိမ်းပြီး ဒီဇင်ဘာလအကုန်မှာ အပြီးရိတ်သိမ်းမှာဖြစ်ပါ တယ်။ လက်ရှိရိတ်သိမ်းရန်ကျန်နေတာက ရေနစ်ကွင်းရေကြီးကွင်းတွေမှာစိုက်တဲ့ ဒေသမျိုးတွေဖြစ်ပြီးသက်တမ်း လည်းကြီး၍ ရိတ်သိမ်းရတာလည်း နည်းနည်းနောက်ကျပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြတ်စိုး က ပြောသည်။
မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းအားဖြင့် တောင်သူများအား လိုအပ်တဲ့အချိန်တွင် လိုအပ်သည့် မျိုးပမာဏကို ဈေးသက်သက်သာသာနှင့် တောင်သူတစ်ဦးမှတစ်ဦးစီရယူနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများ အား မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းမှ မျိုးစပါး များရောင်းချခြင်းဖြင့် စီးပွားရေတွက်ခြေလည်း ပိုကိုက်ကြောင်း၊ လက်ရှိအချိန်တွင် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်စိုက်ပျိုးတတ်နေပြီဖြစ်သည့်အတွက် ထွက်ရှိလာသည့်မျိုးစပါးများကို တောင် သူအချင်းချင်း ဖြန့်ဖြူးရောင်းချနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြိတ်မြို့နယ်တွင် (၂၀၁၄)ခုနှစ်မှစတင်၍ နိုင်ငံတော်အစီအစဉ်ဖြင့် စနစ်ကျလယ်ယာများကို စက်မှု လယ်ယာဦးစီး ဌာနမှ နှစ်စဉ်ဖော်ထုတ်ပေးလျက်ရှိရာ ဧက(၁၀၀၀)ခန့်ရှိပြီဖြစ်ကြောင်း၊ စနစ်ကျလယ်ယာသည် ဧရိယာ အမျိုးမျိုး ဖြစ်နေသည့် လယ်ယာများကို လေးထောင့်တစ်ဧကကွက်ဖြစ်စေရန်နှင့် မြေပြင်ညီညာစေရန် ဆောင်ရွက် သည့် လယ်ယာမြေဖော်ထုတ်သော အစီအစဉ်ဖြစ်ကြောင်း၊ ထို့အတူ စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အလေအလွင့် နည်းပါးစေရန်အတွက် ယခင်က လူနှင့် ကျွဲ၊ နွားတို့ဖြင့် ရိတ်သိမ်းချွေလှေ့ရာမှ လက်ရှိအချိန်၌ ရိတ်သိမ်းချွေလှေ့ စက်အလုံး(၂၀)ကျော်ရှိလာခဲ့ပြီဖြစ်ပြီး ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းလာကြကြောင်း သိရသည်။
မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစံကွက်တွင် ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ၌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး စံကွက် အထွက်နှုန်း တစ်ဧက(၁၁၅)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ စပါးစိုက်ပျိုး သည့်ဧက စုစုပေါင်း(၄၂၆၉၃)ဧကရှိ၍ ပျှမ်းမျှတစ်ဧကအထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၇၂)တင်းထွက်ရှိပြီး ယခုနှစ်တွင် အထွက်တိုးလာနိုင်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ်)