ချောက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန ချောက် မူလတန်းကြို ကျောင်း၌ ယနေ့မှစ၍ အသက်(၃)နှစ်မှ အသက်(၅)နှစ်ထိ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ ကလေးများအား ကျောင်းအပ်လက်ခံပြီး စတင်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်လက်ခံ စတင်သင်ကြားရာတွင် သင်ကြားချိန်အား တစ်ပတ်လျှင် (၃)ရက်ဖြင့် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ရက်များတွင် နံနက် ၉နာရီခွဲ မှ ညနေ ၃ နာရီခွဲထိ သင်ကြားပေး သွားမည်ဖြစ်ပြီး Online ဖြင့် သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း လက်ခံပေး လျက်ရှိကြောင်း သိရသည်။
Online ဖြင့် သင်ကြားမှုအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့ (၂)ရက် သင်ကြားပေးမည်ဖြစ်ပြီး နံနက်၉ နာရီ မှ၁၀နာရီထိ (၁)နာရီကြာ သင်ကြားပေးမည်ဖြစ်သည် ။
ယနေ့အထိ မူလတန်းကြိုကျောင်း၌ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး၊ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ(၄၈)ဦးရှိပြီး ကလေးများအား အခန်းနှစ်ခန်းခွဲ၍ သင်ကြားပေး လျက်ရှိကြောင်း၊ Online ဖြင့် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ကလေးများအား ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ဆရာမများက ကျောင်းအဝင်တွင် အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ အိမ်မှတပ်ဆင်လာသော နှာခေါင်းစည်း (mask)များအစား နှာခေါင်းစည်းအသစ်များ လှဲလှယ်တပ်ဆင်၍ သင်ကြားဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)