ဝက်လက်မြို့ ၌ နွေစပါး တင်း ၁၂၀ ထွက်ရှိရေး နည်းပညာပေး သင်တန်း ဖွင့်လှစ်

ဝက်လက်  ဒီဇင်ဘာ  ၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် နွေစပါး တင်း ၁၂၀ ထွက်ရှိရေးအတွက် နည်းပညာ သင်တန်း ဖွင့်ပွဲ အခမ်းနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က ကျင်းပပြုလုပ်သည်။

သင်တန်း ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဥာဏ်လှိုင် ကအဖွင့်အမှာစကား ပြောကြားပြီးနောက် ရွှေဘိုခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ် အမာကြည်က သင်တန်းဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

နွေစပါး တင်း ၁၂၀ ထွက်ရှိရေးအတွက် သင်တန်းပို့ချရာတွင် ရွှေဘိုခရိုင် မျိုးစေ့ တာဝန်ခံ ဒေါ်မေကြွယ်ဝင်း ၊ ခရိုင် သီနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မာချို ၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်  တို့က သင်တန်းပို့ချရာတွင် နွေစပါး တင်း ၁၂၀ ထွက်ရှိရေး ၊ မျိုးကောင်း မျိုးသန့် ရရှိသုံးစွဲရေး ၊ ပိုးပွှား ရောဂါ စနစ်တကျ ကြိုတင်ကာကွယ်ရေး စိုက်နည်းစနစ် ၊ တစ်ဧက ကုန်ကျစရိတ် လျှော့ချရေး စသည်တို့ကို သင်တန်းပို့ ချကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ တောင်သူ ၄၀ ဦး တက်ရောက် ကြကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)