သဲကုန်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သီတဂူကျောင်းရှေ့ရှိ မြို့အဝင်/အထွက် စောင့်ကြည့် စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး အရေးယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင် သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာဖြစ်ပြီး မော်တော်ယာဉ် စီးနင်း အသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင်စီးနင်း ရမည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်အား ဆောင်း၍ မေးသိုင်း ကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြု မောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုရ စည်းကမ်းချိုးဖောက် ကျူးလွန်ပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသား မစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက်တွင် အမျိုးသမီး စီးနိုင်သည်၊ အထက်ပါ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်