မင်းဘူးမြို့မဈေးနှင့် စကုမြို့မဈေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်

မင်းဘူး          ဒီဇင်ဘာ        ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ဈေးများ၌ ပြည်သူများ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးမီးဘေးလုံခြုံရေးတို့အတွက် အသိပညာပေး ဆွေးနွေးခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လည်ပိုင်းက မင်းဘူးမြို့မဈေးနှင့် စကုမြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန် အချက်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့်အပိုင်းများ၊ မီးဘေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ဝိုင်းဝန်းလုပ်ဆောင်ရမည်အချက်များ၊ ပေါ့ဆမီးကြောင့် ဖြစ်ပွားတတ်သည့် အခြေအနေများ၊ မီးသတ်ဈေးဗူးများကို ဈေးဆိုင်အားလုံး လွယ်ကူမြင်သာသော နေရာတွင်ထားရှိ ရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောခြင်းများကို  မင်းဘူးမြို့မဈေး ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ထို့အတူ စကုမြို့မဈေးကြီးတွင် စကုနယ်မြေမီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စကုဈေးတာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များနှင့် စကုကြက်ခြေနီ တပ်ဖွဲ့ဝင် များက စကုမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးနှင့် လိုက်လံစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)