ကမမောင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ကမမောင်း      ဒီဇင်ဘာ   ၁

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိ ပညာ‌ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ မြို့မဈေး အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့မဈေးစည်ပင်သာယာရုံးတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေး မှူးဦးသန်းကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မီးသတ်ဦးစီးဌာနဒုဦးစီးမှူး ဦးငြိမ်းချမ်းအောင်နှင့် စည်ပင်သာယာရေးအဖွဲ့တာ၀န်ခံ ဦးဇေယျာထွန်းတို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ စနစ်တကျထားရှိ‌ရေး၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေ ရေးတို့ကိုအသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာန၀န်ထမ်းများက မီးငြိမ်းသတ်ပုံအဆင့်ဆင့်အား လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများအား ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)