လှိုင်းဘွဲ ဒီဇင်ဘာလ ၁
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသူများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွား ဘဝမြှင့်တင်နိုင်စေရေးအတွက် ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ သည်။
အခမ်းအနားတွင် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ထွဋ်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် အမျိုး သမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မြသန္တာအေးက သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အခမ်းအနားတွင် တက်ရောက် လာသူများက သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းမှ သင်တန်းသူအမျိုးသမီး(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလ ရက်သတ္တပတ်(၁၈)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)