မြန်အောင် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများသည် နိုဝင်ဘာလ ၂၉ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စုနှင့် ပဲတခွဲကျေးရွာအုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် သပြေကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၃၉၆)ဦး၊ အိမ်ထောင်စုစာရင်း (၂၄၀)စောင်နှင့် ပဲတခွဲကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ် ရေးကတ်(၁၅၉)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း(၈၀)စောင်တို့ကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင် ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဒေါ်ဆွေဆွေသန်းနှင့် ဒုလဝကမှူး ဒေါ်မြင့်မြင့်သင်းတို့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလအတွင်း ပန်းခင်းစီမံချက်ဖြင့် တာခွတဲကြီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၁၀၃)ဦး၊ အိမ်ထောင်စုစာရင်း (၁၀၅)စောင်နှင့် ငှက်ကြီးကွင်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(၉၆)ဦး၊ အိမ်ထောင်စု စာရင်း (၃၆)စောင်တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စုအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ အသက် (၁၀)နှစ်မှ (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)