မြဝတီ နိုဝင်ဘာ ၃၀
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၈၅ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
နေရပ်ပြန် မြန်မာနိုင်ငံသားများအား ပြန်လည်ကြိုဆို လက်ခံရာတွင် ယခင်က တစ်နေ့လျှင် ၂၀၀ ဦးကို တစ်ရက်ခြား လက်ခံပေးလျက်ရှိရာမှ ယခုအခါ စက်တင်ဘာ ၂၆ ရက်နေ့မှ စတင်ပြီး တစ်နေ့လျှင် ၅၀၀ ဦးထိ တစ်ရက်ခြား ပြန်လည် ကြိုဆို လက်ခံပေးလျက်ရှိသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက် ယူခြင်း၊ မြဝတီမြို့ရှိ သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက် ပေးသည်။
ယမန်နေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးမှ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၉၃ ဦး စုစုပေါင်း ၂၈၅ ဦးရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)