မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေး  နိုဝင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်မြင့် က အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးသည် နိုင်ငံတိုင်း အလေးထားဖြေရှင်းရမည့် ကိစ္စဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားအများစုသည် ကောင်းစွာ ပညာမသင်ကြားရဘဲ ပညာရေးနိမ့်ပါးသူများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊  နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများပြဌာန်းထားပြီး ဥပဒေ ပြဌာန်းချက်များအတိုင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်းနှင့်  တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ များအနေဖြင့်လည်း မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်း‌‌ဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆပ်ကော်မတီများမှ မိမိတို့ဆပ်ကော်မတီများအလိုက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်မြင့်မှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုစည်သူ