ဘားအံ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၁ နာရီခန့်က ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော သီရိကွင်းပတ်လမ်း ကွန်ကရစ် လူသွားလမ်းနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းတို့သည် အများပြည်သူ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်လေ့ကျင့်ခန်း ဆောင်ရွက်နိုင်ရေး ဘားအံမြို့၊ သီရိကွင်းပတ်လမ်း အရှည် ၃၃၀၀ ပေခန့်နှင့် အကျယ် ၄ ပေ၊ ထု ၄ လက်မရှိ ကွန်ကရစ် လူသွား လျှောက်လမ်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက ကွန်ကရစ် လူသွားလမ်းဆောင်ရွက် နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-ထုံးအိုင်လမ်းမကြီး ဘေးဝဲယာနှစ်ဘက် အုတ်စီ ရေမြောင်းပြုလုပ်ခြင်း နိဗ္ဗိန္ဒတံတားမှ စောစံစီဖိုးလမ်းဆုံထိ (၇၃၂၀ပေ x ၃ပေ x ၄ပေ ) လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့အဝင်မြေထိန်းနံရံအပိုင်း(၁)တည်ဆောက်ခြင်း ၄၉၉၅ ပေနှင့် မြို့အဝင်မြေထိန်းနံရံ အပိုင်း(၂) တည်ဆောက်ခြင်း ၁၃၂၅ ပေ ဆောင်ရွက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဘားအံ-ထုံးအိုင်လမ်းမကြီးဘေးဝဲယာ နှစ်ဘက် ဘားမဲတောင်ခြေမှ ရွှေကင်းတူးမြောင်းအထိ ၂၁၃၀ ပေ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)