သဲကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

သဲကုန်း နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား အရည်အချင်း ပြည့်မီ သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် ယမန်နေ့က လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများမှ ကျေးသားအုပ်စုသို့ ကွင်းဆင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင် စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှု များကို မြိုနယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် မြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။

ချစ်နှင်းသုန်