တောင်ငူ နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ များအား ဆေးထိုးစုရပ်ဖြစ်သည့် မြစည်းခုံသာသနာ့ ဗိမာန်ဝန်း၊ အမှတ် ၅ ရပ်ကွက် ကေလဇာတီ ဘုရားဝန်း၊ ကေတုမတီ မြို့သစ်မြို့ဦးကျောင်းတိုက်၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်းတို့ ၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ EAOများ ၊ အကျဉ်းထောင်များမှ အကျဉ်းသား အချုပ်သားများ ၊ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်းအစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါအခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၂၅၀ နှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။
ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံနိုင်မည့်သူများအား အမှတ် ၈ ရပ်ကွက် ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်