ကသာ နိုဝင်ဘာ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ကသာမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ရာ ယင်းသင်တန်းကျောင်းများသည် နိုင်ငံတော်က ရည်ရွယ်ချက် ကြီးမားစွာဖြင့် ငွေကြေးများစွာ အကုန်အကျခံကာ ဖွင့်လှစ်ပေးထားသည့် သင်တန်းကျောင်းများ ဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသည့် အိမ်တွင်းမှု ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်ပြီး စက်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ကြိုးစားသင်ယူ လေ့လာ မှတ်သားကြရန် လိုအပ်ကြောင်း အထူးမှာကြားခဲ့သည်။
ဆက်လက်၍ အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေခိုင်မြင့်ဝင်းက သင်တန်းကျောင်း သမိုင်းနှင့်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် တာဝန်ရှိသူများသည် သင်တန်း သူများနှင့် ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ပြီး သင်တန်းဆင်းသွားသည့် သင်တန်းသူများ၏ လက်ရာများဖြင့် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂)ကို ယခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ အထိ (၁၈)ပတ်ကာလကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသူအနေဖြင့် စုစုပေါင်း လူဦးရေ(၄၀)ဦး ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)