လဟယ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၃)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲ ကျင်းပ

လဟယ် နိုဝင်ဘာ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ အမျိုးသမီးသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့ အမျိုးသမီးသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက  လဟယ် အမျိုးသမီး သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)မှ (၃၅)ထိ သင်တန်းသူ(၂၆၀)ဦး၊ အခြေခံအိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)မှ (၃၉)ထိ သင်တန်းသူ(၈၂၈)ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁)မှ(၁၅)ထိ သင်တန်းသူ (၁၁၃)ဦး၊ သိုးမွေးစက်သင်တန်း အမှတ်စဉ်(၁)မှ(၁၇)ထိ (၈၇)ဦးနှင့် ကြိမ်ဝါးသင်တန်း အမှတ်စဉ်(၁)တွင် သင်တန်းသူ(၂)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၁၃၅၄)ဦးကို သင်တန်းကျောင်းမှ မွေးထုတ်ပေးထားသောကြောင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)တွင် သင်တန်းသူ (၂၅)ဦးနှင့် ရိုးရာဂျပ်ခုတ် သင်တန်းအမှတ်စဉ်(၁၆)တွင် သင်တန်းသူ(၅)ဦးစုစုပေါင်း သင်တန်းသူ (၃၀)ဦးအား နိုဝင်ဘာလ(၃၀)ရက်မှ ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်အထိ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၁၈)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ပါမင်းလှိုင် (လဟယ်)