ကော့ကရိတ်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကော့ကရိတ်    နိုဝင်ဘာ   ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြက်ခြေနီ တပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်   ရယ်ရွယ်၍  မြန်မာ နိုင်ငံကြက်ခြေနီအသင်းဗဟိုမှ ကြီးမှူးကျင်းပသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်၊ မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဒေါ်ခင်ကြူအေး က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဧရာဝတီတိုင်းဒေသကြီး) ဒုတိယ တပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်မှ သင်တန်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ ကော့ကရိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၊ ကျုံဒိုးမြို့ကြက်ခြေနီ အသင်းခွဲရုံး နှင့် မြပတိုင်ကျေးရွာကြက်ခြေနီအသင်းခွဲရုံးမှ တပ်ဖွဲ့ဝင် (၃၀)ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး)မှ တပ်ဖွဲ့မှူး ဦးသက်နိုင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံနှင့် ပတ်သက်သည်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး၊ သင်တန်းကာလမှာ နိုဝင်ဘာ ၃၀ရက်နေ့မှ ဒီဇင်ဘာ ၁ရက်နေ့ အထိ (၂)ရက် သင်တန်းဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)