မြိတ် နိုဝင်ဘာ ၃၀
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) ကို ယနေ့ နံနက်(၉)နာရီက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် က အမှာစကားပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေး က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းသူများအတွက် မြိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ နှာခေါင်းစည်း (၂၅၀၀)ခု ပေးအပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ တက်ရောက်လာကြသူများက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
“သင်တန်းမှာ အခြေခံနဲ့ အဆင့်မြင့်နှစ်ခုပေါင်းပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း (၁၈)ပတ် ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းတွင် ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ် ဘာသာရပ်၊ အမျိုးသမီးဝတ် ဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် ခေတ်မီပုံဆန်းအင်္ကျီများ၊ အချိန်အားလျော်စွာ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို လည်းပို့ချပေးမှာဖြစ်ပြီး လက်မှုဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ သင်တန်းသူကတော့ အသက်(၁၆)နှစ်မှ(၃၀)ကြားဖြစ်ပါတယ်။ သင်တန်းမှာ သင်တန်းသူ တစ်ဦးကို ပိတ်စကိုက်(၂၀)၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ အသွားအပြန် ခရီးစရိတ်များနဲ့ အဆောင်နေ သင်တန်းသူများကို တစ်ရက်(၇၅၀)ကျပ်နှုန်းဖြင့် စားစရိတ်များ လည်း ထောက်ပံ့ပေးလျက်ရှိပါတယ်”ဟု သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက ပြောသည်။
သင်တန်းကို မြိတ်ခရိုင်အတွင်းမှ သင်တန်းသူ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလ ရက်သတ္တပတ်(၁၈)ပတ် ကာလအတွင်း သင်တန်းသူများအား အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာ အပ်ချုပ်စက်နှင့် ကွန်ပျူတာအပ်ချုပ်စက်များဖြင့် အခြေခံ သင်ခန်းစာများ၊ အဆင့်မြှင့်သင်ခန်းစာများနှင့် အိမ်တွင်းမှု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး(မြိတ်)