မန်းရွှေစက်တော်ဘုရားကြီးတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၌ ဘုရားဖူး မိဘပြည်သူများ လာရောက်ဖူးမြော်ကြည်ညို

မင်းဘူး          နိုဝင်ဘာ        ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ဘုရားဖူး မိဘပြည်သူများက လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိပြီး ယခုတစ်ပတ် အမျိုးသားနေ့ ရုံးပိတ်ရက်များတွင်လည်း ဘုရားဖူးလာရောက်လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“မန်းရွှေစက်တော်ဘုရားကြီးကို အပတ်စဉ် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ဘုရားဖူး လာရောက်လည်ပတ်တာတွေရှိပါတယ်။ ဒီတစ်ပတ် အမျိုးသားနေ့ ရုံးပိတ်ရက်မှာလည်း ဘုရားဖူး တွေက နေ့စဉ်လာရောက်ဖူးမြော်ကြပါတယ်။ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဖူးမြော်ခွင့် ပြုထားပြီးတော့ ညအိမ်ဖူးမြော်ခြင်းကိုတော့ ခွင့်မပြုထားပါဘူး။ အနယ်နယ်အရပ်ရပ်က ဘုရားဖူး မိဘပြည်သူတွေအနေနဲ့ နေ့ချင်းပြန်လာရောက်ဖူးမြော်နိုင်ပါတယ်” ဟု မန်းရွှေစက်တော် ဘုရား ဂေါပကအဖွဲ့ဝင် အောက်စက်တော်ရာတာဝန်ခံ ဦးသိန်းလှိုင်က ပြောသည်။

ယခုတစ်ပတ် အမျိုးသားနေ့ရုံးပိတ်ရက်များ၌ မန်းရွှေစက်တော်ဘုရားကြီးတွင် ဥပုသ်သတင်းသီလ ဆောက်တည်ကြသူများ၊ အလှူ အတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ၊  ပရိတ်/ပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသူများ၊ နဂါးစားကျွေး ကုသိုလ်ပြုကြသူများ၊ ငါးလွှတ်ကုသိုလ်ပြုကြသူများနှင့် မျောက်စာကျွေးမွေးကြသူများအပြင်  အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်ကြသူများက မန်းချောင်းအတွင်း ရေချိုးအပန်း ဖြေခြင်းနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စည်ကားခဲ့သည်။

မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာအား ဘုရားဖူးအများပြည်သူများ အလွယ်တကူ ဖူးမြော် ကြည်ညိုနိုင်စေရန် အလှူရှင်မိသားစု သုံးစုမှ ယာယီလူကူးဝါးတံတား သုံးစင်းကို တည်ဆောက် လှူဒါန်းထားကြောင်း၊ ဘုရားဖူးမိဘ ပြည်သူများအနေဖြင့် မန်းရွှေစက်တော်ဘုရားကြီးတွင် ညအိပ်ဖူးမြော်ခြင်းကို ခွင့်မပြုထားဘဲ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်အထိ နေ့ချင်းပြန် ဖူးမြော်ခွင့် ပြုထားကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)