မြိတ်မြို့တွင် ဆောင်းရာသီ ဘတ်စကက်ဘော အားကစား အခြေခံသင်တန်းဆင်းပွဲကျင်းပ

မြိတ်   နိုဝင်ဘာ   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘတ်စကက်ဘော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မားဂွီး ပုလဲဘတ်စကက်ဘောကလပ်တို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော ဆောင်းရာသီ ဘတ်စကက်ဘောအားကစား အခြေခံသင်တန်းကို ယမန်နေ့ ညနေပိုင်းက ခရိုင်အားကစားခန်းမတွင် သင်တန်းဆင်းခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထွန်းရှိန်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသား (၂)ဦးအား ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုဇော်က ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထိုနောက် မားဂွီးပုလဲ ဘတ်စကက်ဘောကလပ်ဥက္ကဋ္ဌ ဦးစစ်အင်က သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်၍ မြို့နယ်ဘတ်စကက်ဘောဆပ်ကော်မတီဒုဥက္ကဋ္ဌ ဦးအောင်မျိုးထက် က သင်တန်းနည်းပြအား အမှတ်တရလက်ဆောင် ပေးအပ်သည်။

အဆိုပါသင်တန်းကို သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် အောက်တို ဘာလ(၈)ရက်မှ နိုဝင်ဘာလ (၂၈) ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ဘတ်စကက်ဘော အားကစား အခြေခံပညာရပ်များကို သင်ကြားပေးခဲ့သည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းဆင်း ဘတ်စကက်ဘော အမျိုးသား(၅) ယောက်တွဲနှင့် အမျိုးသမီး(၃)ယောက်တွဲ သရုပ်ပြပြိုင်ပွဲ ကစားခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )