မင်းလှမြို့နယ်တွင် မင်းလှ-ရွာတော် ကျေးလက်လမ်းကမ်းပြို ကာကွယ်ရေးလုပ်ငန်း‌ ကျောက်စီ မြေထိန်းတမံ တည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

အထက်မင်းလှ    နိုဝင်ဘာ    ၂၉

မကွေးတိုင်းဒေသကြီး၊‌ ဒေသ-၄ ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် မင်းလှ-ရွာတော် ကျေးလက်လမ်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ တည်ဆောက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးလက်လမ်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းတမံ အလျား ၄၅၀ ပေ အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၉၀.၈ဖြင့် ဒေတာမြန်မာကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအခါတွင်ကျောက်စီမြေထိန်းတမံ တည်ဆောက်ရာ၌ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ ဒေသ-၄ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။

မင်းလှမြို့နယ် ရွာတော်ကျေးရွာနှင့်မင်းလှမြို့ဆက်သွယ်ထားသည့် ကျေးလက်လမ်းအား ဧရာဝတီ မြစ်ရေ တိုက်စားမှု‌ကြောင့် ကမ်းပြိုခဲ့ခြင်းဖြစ်ပြီး ကျေးလက်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ဘိုးပိုင်ခြေပြုကျောက်စီမြေထိန်း တမံတည် ဆောက်ခြင်းဖြစ်ရာလုပ်ငန်းဆောက်ရွက်ပြီးစီးပြီဖြစ်သောကြောင့်ဒေသခံပြည်သူများ သွားလာရေးအတွက်လွယ်ကူအဆင်ပြေလျက်ရှိကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)