မင်းလှ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မဟာစည်သာ သနာ့ရိပ်သာ ကျောင်းတိုက်၏ ဦးစီပဓာန နာယကသက်တော် (၁၀၁) နှစ်ရှိ သက်တော်ရှည် မဟာစည် သာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီးသည် ဘဝနတ်ထံ ပျံလွန်တော်မှုသွားသဖြင့် အန္တိမဈာပန အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အဆိုပါ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အန္တိမဈာပန အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ဩဝါဒဆရာတော် သာသနာ့အောင်လံတော် ကျောင်းတိုက်ဆရာတော်က အန္တိမဈာပန ကျင်းပနိုင်ရေးဩဝါဒစကားများ မိန့်ကြားတော်မူခဲ့သည်။
မဟာစည် သာသနာ့ရိပ်သာကျောင်း တိုက်ဆရာတော်ဦးဣန္ဒောဘာသက “ဆရာတော် ဘုရားကြီးက ငါဘဝ နတ်ထံပျံလွန်တော်မှုခဲ့ပါက ရုပ်ကလပ်တော်ကို မခွဲမစိတ်ရ၊ မီးသင်္ဂြုလ်ခြင်း မပြုလုပ်ရ၊ မြေမမြုပ်ရ ၊ ဂူသွင်းသင်္ဂြုလ်ပေးရန်၊ ပွဲလမ်းသဘင်မပြုလုပ်ရ၊ ချက်ချင်းသင်္ဂြုလ်ပေးရန်၊ အဓိက ဓမ္မဖြစ်သာပူဇော်ပေးရန် ဩဝါဒပေးခဲ့သော စကားများကို ဖတ်ကြား တင်ပြခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ဆရာတော်များအနေဖြင့် သက်တော်ရှည် ဆရာတော် ဘုရားကြီး၏ ရုပ်ကလပ်တော်ကို သင့်တော်သလို စီမံဆောင်ရွက်ပေးပါရန်နှင့် လိုအပ်သည် အကူအညီများကို အသင့်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်လျှောက်ထားခဲ့သည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသော ဆရာတော်များက အန္တိမဈာပန ကျင်းပနိုင်ရေး အတွက် တရားပွဲအစီအစဉ်၊ ပူဇော်ကျင်းပနိုင်ရေး၊ ဆွမ်းကိစ္စနှင့်ကျွေး မွေးရေး၊ ဝေယျာဝစ္စ ကိစ္စရပ်များ စသည့်အစီအစဉ်များကို ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။
အဆိုပါ မဟာစည်သာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခု၊ တန်ဆောင်းလဆုတ် ၉ ရက် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ(၂၇)ရက် ည ၁၀ နာရီ သက်တော်(၁၀၁) နှစ်၊ ဝါတော် (၈၁) ဝါတွင်ဘဝနတ်ထံပျံလွန်တော်မူခဲ့ရာ (၅) ရက်ကြာ ဓမ္မတရားတော်များဖြင့်ပူဇော်ထားရှိ၍ ဒီဇင်ဘာ (၁) ရက်နေ့လည်(၁) နာရီချိန်တွင် ကျောင်းတိုက်ကြီး၏ စနေ့ထောင့်အရပ်တွင် ဆရာတော်ဘုရားကြီး ကြိုတင်စီမံဆောင်ရွက်ခဲ့သောအုတ်ဂူ၌ ဂူသွင်းသင်္ဂြုလ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ