မင်းဘူး (စကု) မြို့နယ်၌ ပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်း၍ အားထားစိုက်ပျိုးလာကြ

မင်းဘူး    နိုဝင်ဘာ    ၂၉

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာတွင် မိုးနှောင်းကာလ ဆောင်းသီးနှံ ပဲတီစိမ်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်၍ အပြိုင်အဆိုင် အားထား စိုက်ပျိုးလာကြကြောင်း မန်းကျိုးကျေးရွာအုပ်စု ဒေသခံ တောင်သူများထံမှ သိရသည်။

ပဲတီစိမ်းသီးနှံကို မြန်မာနိုင်ငံ တစ်နှံတစ်လျားတွင် စိုက်ပျိုးလုပ်ကိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုး၍ ပဲတီစိမ်း၊ ပဲနောက်နက်၊ ပဲနောက်စိမ်း၊ ပဲတီနက်ဟူ၍ အမျိုးမျိုး သိထားကြသည်။

ပဲတီစိမ်းသည် အစိုဓာတ် အနည်းငယ်ရှိပြီး အပူချိန် ၃၀ မှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိသော ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ အထူးသဖြင့် စနယ်မြေ၊ လယ်မြေ၊ နုန်းမြေများတွင် ပို၍ဖြစ်ထွန်းလွယ်ပြီး စိုက်ပျိုးမည် ဆိုပါက ရေဆင်း ၁၁၊ ရေဆင်း ၁၄ နှင့် ရေဆင်း ၁၅ မျိုးများမှာ အသင့်တော်ဆုံးဖြစ်သည်။

ပဲတီစိမ်းကို စိုက်ပျိုးမည်ဆိုပါက မိုးတွင်ကာလတွင် တစ်ဧကလျှင် ၄ ပြည်မှ ၆ ပြည်နှင့် မိုးကြိုနှင့် မိုးနှောင်း ကာလများတွင် ၆ ပြည်မှ ၈ ပြည်အထိ ကျဲပက်စိုက်ပျိုးကြကာ သီးညှပ် သီးနှံအဖြစ် ပြောင်း၊ နေကြာ၊ နှမ်း၊ ပဲစင်းငုံ စသည့်သီးနှံများဖြင့် ရောညှပ်၍ စိုက်ပျိုးကြသည်။

ထိုကဲ့သို့ စိုက်ပျိုးရာတွင် ထယ်ကြောင်းဆွဲကာ မျိုးစေ့ချ စိုက်ပျိုးကြသလို ကျဲပက်၍လည်း စိုက်ပျိုးကြပြီး အပင်သက်တမ်း ၃၀ ရက်သားခန့်ရောက်လျှင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းမြက်များ နှိမ်နှင်းပေးရသည်။ အပင်သက်တမ်း ၆၀ မှ ၈၀ ရောက်လျှင် ခူးဆွတ်ရိတ်သိမ်းနိုင်၍ ပဲတီစိမ်းအတောင့် ၇၅/၈၅ ရာခိုင်နှုန်း အနက်ရောင် ပြောင်းလျှင် ခူးဆွတ်ကြပြီး ပထမအကြိမ်ခူး၍ ၁၀ ရက်ကြာလျှင် ဒုတိယအကြိမ်ထပ်မံ ခူးဆွတ်ရောင်းချနိုင်ကြောင်း မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ဒေါ်မြအေးးက ပြောသည်။

ဇေယျာထက် (မင်းဘူး)