မော်လမြိုင်ကျွန်းမြို့နယ်တွင် ဈေးမီးဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပိုင် ဈေးများဖြစ်သော မြို့မဈေး၊ အောင်သာယာဈေး၊ ဆိပ်ကမ်းသာဈေး၊ ဗိုလ်ချုပ်ဈေးများတွင် ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်က မဟာဗန္ဓုလမ်း၊ မြို့မဈေးကြီး၌ ဆောင်ရွက်သည်။

အဆိုပါ ဇာတ်တိုက်‌လေ့ကျင့်ခြင်း လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် ဌာနဆိုင် တာဝန်ရှိသူများက လာ‌ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်မှုပုံစံများအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးနှင့် မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် (၁) စီးဖြင့် ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)