ကလိန်အောင် နိုဝင်ဘာ ၂၉
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီ အချိန်ခန့်က ကလိန်အောင်မြို့ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှမြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ယခု အခမ်းအနားသည် မွန်မြတ်လှပြီး ဂုဏ်ပြုထိုက်သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြက်ခြေနီအသင်းအဖွဲ့၏ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုများ အကြောင်း၊ ကလိန်အောင်မြို့တွင် ကြက်ခြေနီသူနာပြုအသင်းခွဲငယ် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ်များအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကြက်ခြေနီအသင်း၏ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပါဝင်လှူဒါန်းပေးသော အလှူရှင်(၁၀)ဦးနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင် (၁၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရေဖြူမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် တာဝန်ရှိအသီးသီးက ပေးအပ်ကြသည်။ ထို့နောက် ကြက်ခြေနီကျင့်ဝတ်အပါး(၅၀) ရေးဖြေပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကလိန်အောင်မြို့ ဦးအောင်ဖြိုးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများက စုပေါင်း၍ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
မိုးမိုးခိုင်