ပေါက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Centre ခန်းမတွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများမကျင်းပမီ မြန်မာနိုင်ငံစာရေးဆရာအသင်း ပေါက်မြို့နယ်မှ ဘဏ္ဍာရေးမှူး ဆရာဦးကောင်းမြတ်ဟိန်း (မောင်ကောင်းခန့် - ပေါက် ) က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိူးသားအောင်ပွဲနေ့ အထိမ်း အမှတ်အနေဖြင့် ပြိုင်ပွဲများ ကျင်းပပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံနှင့် လူမျိုးကိုချစ်သော၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကို လိုလားသော အမျိုး သားရေး စိတ်ဓာတ်များ ကိန်းဝပ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ပန်းချီဆေးရောင်ချယ်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဥမ္မာကျော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး (ပြန်/ဆက်)