မကွေး နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အခြေခံအထိ (၆)ချက် ကျား/မ ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်းအမျိုးသား ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ကြည့်ရှု အားပေးကာ(၄)ပေါက်တန်း အမျိုးသားဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော မကွေးမြို့နယ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရိုးရာခြင်းခတ် အားကစားနည်း မတိမ်ကော မပပျောက်စေ ရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု ခြင်းခတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ခြင်းလုံးခတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ အသက်(၂၀) နှစ်အောက် အခြေခံ အထိ(၆)ချက် ကျား/မပြိုင်ပွဲတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးမြို့နယ်နှင့် သရက်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မကွေးမြို့နယ်အသင်းမှ အနိုင်ရရှိကာ၊ (၄)ပေါက်တန်း အမျိုးသားဝိုင်းဖွဲ့ ခြင်းလုံး ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်တွင် မကွေးမြို့နယ်အသင်းနှင့် တောင်တွင်းကြီး မြို့နယ်အသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးမြို့နယ် အသင်းက အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲ၌ (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု၊ အခြေခံအထိ(၆)ချက် အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆု၊ အခြေခံ အထိ(၆)ချက် ကျား/မ ခြင်းလုံးခတ် ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုနှင့် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲတွင် အကောင်းဆုံးတက်သစ်စ အားကစားသမားဆုများနှင့် အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိသူများနှင့် အသင်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူးတို့က တစ်ဦးချင်းဆွဲပြား၊ ဆုကလပ် များနှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ (၄)ပေါက်တန်း အမျိုးသား ဝိုင်းဖွဲ့ခြင်းလုံး ခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးမြို့နယ် အသင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၅)မြို့နယ် အသက် (၂၀)နှစ်အောက် အခြေခံအထိ(၆)ချက် (ကျား/မ)ခြင်းလုံးပြိုင်ပွဲနှင့် (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲကို (၂၃-၁၁-၂၀၂၁) ရက်နေ့မှ (၂၇--၁၁-၂၀၂၁)ရက်နေ့ထိ ကျင်းပဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅) မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများ အသင်းလိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ