ခေါင်လန်ဖူး ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာတိုင်းယင်လုံအိမ်သာသုံးစွဲနိုင်ရေးအတွက် ကောင်လိုလပ်အုပ်စုတွင် ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ယခုလို မိုးတွင်းကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ရေးအတွက် ကျေးရွာများတွင် ကျန်းမာ ရေးအသိညာပေး ဟောပြောပွဲများဆောင်ရွက်ကာ အိမ်တိုင်းယင်လုံအိမ်သာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယင်လုံအိမ်သာခွက်များကို တတ်နိုင်သလောက် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီက ပြောကြားသည်။
အဆိုပါ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ကောင်လိုလပ်ကျေးရွာအုပ်စုတွင် ပါဝင်သော ရီဒမ်း၊ ဖုလွမ်း၊ ဝခယ်၊ မကာထနှင့် ချွမ်တိမ်း ကျေးရွာများအတွက် ယင်လုံအိမ်သာ ခွက်(၅၀)စုံ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိသည့် ယင်လုံအိမ်သာ မရှိသေးသည့် ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)