ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ ဘားမဲတောင်သဘာဝဥယျာဉ်(Hpa-Mal Botanical Gardens) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားမဲတောင်သဘာဝဥယျာဉ် (Hpa-Mal Botanical Gardens) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်က အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါသဘာဝဥယျာဉ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားမဲတောင်သဘာဝဥယျာဉ်ကို သဘာဝပေါက်ပင် သစ်မျိုးအ‌ရေအတွက် (၇၈)မျိုး၊ အပင်အရေအတွက်(၁၅၅၇)ပင်နှင့် တည်ဆောက်ရေးလုပ်ငန်းပေါင်း(၂၈)ခုဖြင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပ သဘာဝအခြေခံ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော အပန်းလည်းပြေ ဗဟုသုတလည်းဖြန့်ဝေပေးသော အထင်ကရနေရာတစ်ခုအဖြစ်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပင်များ၏ သွင်ပြင်လက္ခဏာကို ရှု့ချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားဖို့လိုကြောင်း၊ အစဉ်အမြဲပြုစုထိန်းသိမ်းစောင့်ရှောက်ပြီး လာရောက်လည်ပတ် စရာ နေရာတစ်ခုအဖြစ် ဖန်တီးဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူတို့က ဘားမဲတောင်သဘာဝဥယျာဉ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားမဲတောင်သဘာဝဥယျာဉ်(Hpa-Mal Botanical Gardens)မုခ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဘားမဲတောင်သဘာဝဥယျာဉ်အား လမ်းလျှောက်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားမဲတောင်သဘာဝဥယျာဉ်(Hpa-Mal Botanical Gardens) ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာ ရည်များ ပက်ဖြန်းပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဖျော်ဖြေရေးအဖွဲ့များအား ဆုတော်ငွေများ ပေး အပ်ချီးမြှင့်၍ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဘားမဲတောင်သဘာဝဥယျာဉ်(Hpa-Mal Botanical Gardens) ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေကျပ်(၈၁၆ ဒသမ ၅၁) သန်းဖြင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး ဖွင့်ပွဲအပြီး တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက မြေချိန်ဧရိယာ(၁၇)ဧကခန့်ကျယ်ဝန်းသည့် ဘားမဲတောင်သဘာဝဥယျာဉ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ သဘာဝပေါက်ပင်များ၊ ဒေသထွက်ကုန်အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် ရိုးရာစားသောက်ဆိုင်တို့အား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

ဆက်လက်၍ နံနက် ၁၀ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့ တံတားကျိုးစစ်ဆေးရေးစခန်းဖွင့်လှစ်ရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကြိုတင်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တရားမဝင်ကုန်စည်များ ကို ထိထိရောက်ရောက်စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေဖြင့် တံတားကျိုး စစ်ဆေးရေးဂိတ်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီးမှ စုစုပေါင်းဝန်ထမ်းအင်အား ၆၅ ဦးခန့်ကို တာဝန်ပေးအပ်ပြီး တရားမဝင်ကုန်ပစ္စည်းများအပြင် တရားမဝင်မော်တော်ယာဉ်များ၊ တရားမဝင်လက်နက်ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တိရိစ္ဆာန်နှင့်တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ တရားမဝင်လူဝင်ရောက်မှုများ ကိုလည်း ဖမ်းဆီးစစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ ပေးအပ်သည့်တာဝန် ကို တိတိကျကျထမ်းဆောင်ကြဖို့ လိုမည်ဖြစ်ကြောင်း၊ တာဝန်ချထားပေးမည့်ဝန်ထမ်းများကို သက်ဆိုင်ရာဌာနအကြီး အကဲများက စနစ်တကျ ရွေးချယ်တာဝန်ပေးကြဖို့လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ အခက်အခဲရှိပါက တင်ပြပေးကြစေလိုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော့ကရိတ်မြို့ တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာ များမှ သက်ဆိုင်ရာဌာနအလိုက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း