ဖြူး နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးတို့ ပူး ပေါင်းပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု အသိပညာပေးဆွေးနွေးခြင်း Talk Showကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ပန်းခင်းစီမံချက်အကြောင်းနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင် စေရန် အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးမြင့်သိန်းက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်များနှင့် (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂)ခုနှစ်ထိ စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏စီမံချက်ဖြစ်သည်နှင့်အညီ ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူလူထု အကျိုးအတွက် အပိုင်း(၄)ပိုင်းဖြင့် ဆောင်ရွက်သွားမည့်အကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသမှာ နေထိုင်တဲ့သူများသော်လည်းကောင်း၊ အခြားဒေသမှ ရွေ့ပြောင်းလာသူ များသော်လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပါမရှိသူများကို ဆောင်ရွက်ပေးသွားမည့်အကြောင်းနှင့် ပန်းခင်းစီမံချက် နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ဆွေးနွေးခဲ့သည်။
ဖြူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် (၆၆၆၃)ဦးကို ဆောင်ရွက်ပေးရန် လျာထား ကြောင်း စီမံကိန်းကာလအတွင်း ယနေ့အထိ (၃၃၃၉)ဦးကို ဆောင်ရွက်ပေးခဲ့ပြီး ပြီးစီးမှုရာခိုင် နှုန်းမှာ (၅၀)ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ဆက်လက်၍ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးချက်မှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)