ဇီးကုန်း နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ နေ့လည် ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးမျိုးဇင်ဝင်းတို့က မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ရေလှောင်ကန်များ၊ မီးသတ်ဆေးဘူးများနှင့် အသေးစားမီးသတ်စက်များ စီမံဆောင်ရွက် ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများနှင့် မြို့မဈေးကြီးရှိ မီးသတ်ရေငုတ်များအား ကြည့်ရှု စစ်ဆေးခဲ့ကြပြီး၊ ဈေးအတွင်းရှိ ဆိုင်ခန်းများ၌ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး၊ မီးဘေးကြိုတင် ကာကွယ်ရန်အတွက် ဈေးအတွင်း အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေးတို့ကို ပြောကြားခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် ကော်မတီဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
တင့်ဆွေ