စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ LUF–60 မီးသတ်စက်ယာဉ်အသစ် အသုံးပြုမှု/အသုံးဝင်မှု လက်တွေ့ သရုပ်ပြသ

စစ်ကိုင်း နိုဝင်ဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ LUF– 60 မီးသတ်စက်ယာဉ် အသစ် အသုံးပြုမှု/ အသုံးဝင်မှု လက်တွေ့ရှင်းလင်းပြသခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါ ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သရုပ်ပြပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများ၊ မြို့မိ/ မြို့ဖအဖွဲ့များ၊ ခရိုင်/ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်အားပေး ကြည့်ရှု ကြရာ ခရိုင်မီးသတ်ဦးစီးမှူးဦးထက်အောင်က မီးသတ်စက်၏ အသုံးပြုမှု/ အသုံးဝင်မှုတို့ကို ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

မီးသတ်စက်ယာဉ်အသစ်မှာ မီးလောင်မှုတစ်ခုဖြစ်ပွားပါက စက်တင်သည့် ထွေ/လာကို STAR မီး ငြိမ်းသတ်ယာဉ်ဖြင့် ချိတ်ဆွဲသယ်ဆောင်ကာ မီးလောင်မှုဖြစ်စဉ်အား ကြည့်ရှုသုံးသပ်၍ လိုအပ် သည့် နည်းစနစ်ဖြင့် အသုံးပြုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ အသုံးပြုရာတွင် ပေ(၁၀၀၀) အကွာအဝေးမှ ရီမုကွန်ထိုးဖြင့် လိုအပ်သလို ထိန်းချုပ်အသုံးပြုသွားနိုင်ကြောင်း၊ လိုအပ်ပါက (၃)တန်အလေးချိန်ရှိ ပစ္စည်း များကို မီတာ(၃၀)အကွာမှ ချိတ်ဆွဲသယ်ယူနိုင်သည့် မီးသတ်စက် ယာဉ် ဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးသတ်စက်ယာဉ်အသစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ထောက် ပံ့ရရှိခဲ့ခြင်းဖြစ်ပြီး စက်၏တန်ချိန်မှာ (၂.၃)တန် ရှိကာ တန်ဖိုးငွေအားဖြင့် ကျပ်သိန်းပေါင်း (၄၈၂၀)ကျပ် ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ဇော်မြင့်နိုင်