ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့်  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ ညနေ ၅ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူမှု ဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြိုနယ် အနောက်လေးအိမ်ကျေးရွာနှင့် အုတ်ဖိုကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစား နေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန် ၊ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျေးရွာတွင်း လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။  
ရဲဝင်းနိုင်