ဘိုကလေးမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၂၈

ကျောင်းသားလူငယ်များနှင့် အများပြည်သူများ အမျိုးသားနေ့ကို သတိတရ အမှတ်ရစေရေးနှင့် အမျိုးသား ရေးစိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် နိုဝင်ဘာ (၂၆)ရက် ညနေ(၃) နာရီ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဆောင်ရွက်သည်။

အဆိုပါ Talk Showတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဦးတင်ရွှေမှ(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားပြီး ဆရာကြီး ဦးအုန်းကြိုင်(ပညာရေး/ငြိမ်း) မှ အမျိုးသား ရေးလှုပ်ရှားမှုများနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း၊ မြန်မာတို့ရဲ့ဇာတိနှင့် အစဉ်အလာ၊ ကျူးကျော်စစ် ပြုခံခဲ့ရပုံနှင့် လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းအရာများအား အသိပညာပေး ဟောပြောဆွေးနွေး ခဲ့ကြောင်း သိရသည်။

၎င်း Talk  Showအား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Bogalay  လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းလူမှုကွန်ယက် စာမျက်နှာ တွင် အများပြည်သူ မှတ်သားဖွယ်ရာများ၊ အသိပညာပေးကဏ္ဍများ၊ နိုင်ငံတော်ထုတ်ပြန်ချက်များနှင့် ဒေသ ဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မိုးစက်