ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင် နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြရာ စိုက်ပျိုးသည့်သီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့အောင်မြင်ဖြစ်ထွန်းမှုများနှင့်ပတ်သက်၍ စိုက်ပျိုးသည့် နည်းစနစ်များကို တောင်သူတစ်ဦးက ယခု လိုပြောပြသည်။ “ကျွန်တော်တို့ ဒေသက နှစ်စဥ်ရေလျံလေ့ရှိပါတယ်။ ဒါကြောင့် နှုန်းမြေနုကလည်း တင်ကျန်လေ့ရှိတော့ ဓာတ်မြေဩဇာကို တောင်သူအများစုက အသုံးပြုလေ့ မရှိကြပါဘူး။ ထွန်စက်တို့ နွားတို့နဲ့ ထယ်နှစ်စပ်ထိုး ထွန်နှစ်စပ်ချေပြီးရင် စိုက်ကြတာပါပဲ။ စိုက်တဲ့အခါမှာ ရာသီမီအောင်စိုက်ရင် အောင်မြင်ဖြစ်ထွန်းဖို့ ရာခိုင်နှုန်းများပါတယ်။ အောက်တိုဘာလထဲမှာ မီအောင်စိုက်ပျိုးခြင်းက အကောင်းဆုံးပဲ”ဟု ဟဲလှော်ကျေးရွာမှ တောင် သူ ဦးကျော်မြင့်က ပြောပြသည်။

ဖောင်းပြင်မြို့နယ်မှ တောင်သူအများစုသည် ယခုနှစ်ဆောင်းရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ ကိုအဓိက ထားစိုက်ပျိုးကြပြီး မြေထောက်ပဲ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲစာလုံးကို အဓိကထား စိုက်ပျိုးကြပြီး မတ်ပဲ၊ ပဲပုပ်၊ ပဲနက်၊ ပဲဇီးကွက်နှင့် မြေထောက်ပဲအဖြူတို့ကို အနည်းငယ် စိုက်ပျိုးကြကြောင်း၊ စားဖိုဆောင်သီးနှံအဖြစ် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် နံနံတို့ကို အများ အပြားစိုက်ပျိုးကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)