ကျွန်းလှမြို့မ ရဲစခန်းအချုပ်တွင် အချုပ်ခံနေရသူများအား ဥပဒေဆိုင်ရာအခွင့်ရေးများ ရရှိရေး ကွင်းဆင်းစစ်ဆေး

ကျွန်းလှ နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မ ရဲစခန်းအချုပ်တွင် အချုပ်ခံနေရသူများ အား ဥပဒေဆိုင်ရာအခွင့်အရေးများ ရရှိရေးအတွက် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကန့်ဘလူခရိုင် တရားသူကြီး ဒေါ်ဆွေဆွေအေး၊ ကျွန်းလှမြို့နယ် တရားသူကြီး ဒေါ်အေးယုမွန်နှင့် တာဝန်ရှိသူများသည် အချုပ်သားများအား ဥပဒေဆိုင်ရာ အခွင့် အရေးများ ရရှိခြင်းရှိမရှိ၊ နေထိုင်စားသောက်ရာတွင် သင့်တင့်မျှတမှု ရှိမရှိ၊ ကျန်းမာရေး စောင့်ရှောက်ခံယူမှု ရှိမရှိ၊ အမျိုးသမီး အချုပ်သားများအား ရဲမေအစောင့်ထားရှိခြင်း ရှိမရှိတို့ကို အချုပ်သားများအား တွေ့ဆုံမေးမြန်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ခရိုင်တရားသူကြီးနှင့် တာဝန်ရှိသူများက မြို့ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး လှဌေး၊ မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး နိုင်သိန်းတို့အား အချုပ်သားများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)