မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ပခုက္ကူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းနှင့်တွေ့ဆုံ

ပခုက္ကူ    နိုဝင်ဘာ  ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့် ဝန်ထမ်းများလိုက်ပါပြီး မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျွန်းညိုရွာသစ်ကျေးရွာနေ ပြည်သူများအတွက် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကျေးရွာအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းတို့၏ အရေးကြီးပုံ၊ နိုင်ငံတစ်ဦးအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင် ထားရှိခြင်းကြောင့် ရရှိလာနိုင်သည့်အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်း‌လင်းဟောပြောကာ ကျေးလက်နေပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ၃နာရီအချိန်တွင် ပခုက္ကူမြို့ သူနာပြုနှင့် သွားသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများ၊ သူနာပြုနှင့် သွားဖွားသင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူထွန်းက သင်တန်းကျောင်း၏ တည်နေရာ အကျယ်အဝန်းနှင့် ကျောင်းသမိုင်းအကျဉ်း၊ ဘက်စုံသားဖွား(၁၈)လ သင်တန်း၊ သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်း၊ ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်းအဆင့်များအလိုက် ဖွင့်လှစ် သင်ကြားပေးနေမှုများ၊ စီမံအုပ်ချုပ်ရေး ဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဆိုင်ရာသင်ကြားရေး နည်းပြဝန်ထမ်းအင်အားစာရင်းနှင့် သင်တန်းသား/သင်တန်းသူစာရင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးက လိုအပ်သည် များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားပြီး  သင်တန်းသား/သင်တန်းသူ(၁၅)ဦးတို့အား လမ်းညွှန် အမှာစကားပြောကြား သည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)