ထားဝယ်မြို့တွင် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၁)ဖွင့်လှစ်

ထားဝယ်  နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ရရှိစေနိုင်စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသောက်ကုန်များ ထုတ်လုပ် တတ်စေရန်အတွက် သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၁) ကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီးရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က ဒေသအတွင်း အလွယ်တကူရရှိနိုင်သော သစ်သီးဝလံများကို အခြေခံ၍ ယိုနှင့်ဖျော်ရည်များထုတ်လုပ်တတ်စေရန် အတွက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သစ်သီးဝလံများကို မူလအနေအထားမှ တန်ဖိုးမြှင့် Value added လုပ်နိုင်ခြင်းအားဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာစေ မည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှရရှိ လာသောနည်းပညာများဖြင့် တနိုင်တပိုင်လုပ်ငန်းများ၊ အိမ်တွင်းလက်မှုလုပ်ငန်းများ ထူထောင်နိုင်မည် ဖြစ်သည့်အတွက်မိသားစုဝင်ငွေတိုးတက်ရရှိလာစေမှာဖြစ်ပါကြောင်း၊သင်တန်းဆင်းပြီးနောက် လုပ်ငန်း များထူထောင်ဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနမှလည်းလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင်နည်းပြဖြစ်သူဦးစီးအရာရှိဒေါ်သူသူစံနှင့် သုတေသနလက်ထောက်-၃ ဒေါ်ဆုသက်ဌေး  တို့က သင်တန်းသူ (၂၀)ဦးအားဒေသအတွင်း ထွက်ရှိသောရှောက်သီး၊ သံပုရာသီး၊ ဇီးသီး၊ နာနတ်သီး၊ သရက်သီး၊ မန်းကျည်းသီး၊ ကျောက်ဖရုံသီးတို့ကိုအခြေခံ၍ယိုမျိုးစုံနှင့် ဖျော်ရည်၊ ဂျယ်လီထုတ်လုပ် နည်းများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဖျော်ရည်နှင့် ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာတို့အား ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ထုတ်လုပ်မှုနည်းစနစ်များနှင့် အညီ ထုတ်လုပ်တတ် စေရန်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

Kkl(ထားဝယ်)